ကြွက်သားအားနည်းတာကို အိမ်မှာ ကုလို့ရလား
ခန္ဓာကိုယ်လှုပ်ရှားမှုအတွက် ကြွက်သားတွေဟာ အဓိကကျသလို ကြွက်သားတွေ ကြံ့ခိုင်သန်မာနေဖို့ ပုံမှန် ဂရုတစိုက်နဲ့ လေ့ကျင့်ပေးဖို့ လိုပါတယ်။ လှုပ်ရှားမှုနည်းတာ၊ အာဟာရဓာတ် ချို့တဲ့တာ၊ လေ့ကျင့်ခန်း အလွန်အကျွံ လုပ်တာ၊ Steroid ဆေးတွေ သောက်နေရတဲ့သူတွေမှာ ကြွက်သားတွေ အားနည်းတတ်ပါတယ်။ ဒီလို ကြွက်သားအားနည်းလာရင် လုပ်ပေးနိုင်တဲ့ အိမ်တွင်းကုထုံးနည်းလေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) ဆားခါးနဲ့ ရေချိုးပါ။
ရေနွေးနွေးလေးထဲကို ဆားခါး (၂) ဇွန်း ထည့်ပြီး ရေချိုးပေးတာက ကြွက်သားတွေ အားနည်းတာနဲ့ နာကျင်တာတွေကို အမြန်သက်သာစေမယ့် အကောင်းဆုံး အိမ်တွင်းကုထုံး တစ်မျိုး ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ အကြောပြေစေပြီး ခန္ဓာကိုယ်ကိုလဲ အနားရစေလို့ မကြာခဏ လုပ်ပေးနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။
(၂) ဆီနဲ့ နှိပ်နယ်ပေးပါ
ဆီနဲ့ ခပ်ဖွဖွလေး နှိပ်နယ်ပေးခြင်းက သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ကြွက်သားအားနည်းတာကို သက်သာစေပါတယ်။
(၃) လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ
ပုံမှန် လမ်းလျှောက်ပေးတာ၊ ယောဂ လေ့ကျင့်တာတွေနဲ့ ကြွက်သားကို အသုံးပြုရတဲ့ လေ့ကျင့်ခန်းတချို့က ကြွက်သားတွေကို သန်မာလာစေပြီး အားနည်းတာကို အထူး ကာကွယ်ပေးပါတယ်။
(၄) ရေများများ သောက်ပေးပါ
ရေဓာတ်ခမ်းခြောက်ခြင်းက ကြွက်သားတွေ အားနည်းတာနဲ့ ကြွက်တက်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့ကြောင့် ရေများများ သောက်ပေးတာနဲ့ ရေဓာတ်ပေါကြွယ်ဝတဲ့ အစားအစာတွေကို စားပေးခြင်းက ကြွက်သားတွေ အားနည်းတာကို သက်သာစေပါတယ်။ အရက် နဲ့ ကဖင်းဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေကိုတော့ အလွန်အကျွံ မစားသုံးသင့်ပါဘူး။
(၅) နွားနို့ သောက်ပါ
နွားနို့ထဲမှာ ကြွက်သားတွေ ကျန်းမာဖို့ အတွက် လိုအပ်တဲ့ ကယ်လစီယမ်၊ ပရိုတင်း နဲ့ ဗီတာမင် ဒီ တွေ ပါဝင်တဲ့အတွက် ကြွက်သားတွေ ကျန်းမာသန်စွမ်းတဲ့အပြင် အားနည်းတာကိုလဲ ကာကွယ်ပေးပါတယ်။ အိပ်ယာမဝင်ခင် နွားနို့တစ်ခွက် သောက်ပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပြီး မနက်ခင်း နိုးထ လာတဲ့အခါ စွမ်းအင်အပြည့်နဲ့ လန်းဆန်းစေပါတယ်။
(၆) ပိုတက်စီယမ် ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပါ
ကြွက်သားတွေ ကျန်းမာဖို့ ပိုတက်စီယမ်ဓာတ်ကို လိုအပ်ပါတယ်။ ပိုတက်စီယမ်ဓာတ် ချို့တဲ့နေမယ် ဆိုရင် ကြွက်သားအားနည်းတာနဲ့ ကြွက်တက်ခြင်းကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ငှက်ပျောသီး၊ ထောပတ်သီး၊ ခရမ်းချဥ်သီး စတဲ့ ပိုတက်စီယမ်ဓာတ် ပေါကြွယ်ဝတဲ့ အစားအစာတွေ စားပေးသင့်ပါတယ်။
(၇) ဗီတာမင်-စီ ပေါကြွယ်ဝတဲ့ အစားအသောက်တွေ စားပါ
ဗီတာမင် စီ က ခန္ဓာကိုယ် ရဲ့ ကော်လဂျင်အသစ်တွေ ထုတ်လုပ်မှု နဲ့ ကြွက်သားရဲ့ လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ပါတယ်။ ဗီတာမင် စီ ပေါကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်တဲ့ လိမ္မော်သီး၊ ရှောက်သီး၊ မန်ကျည်းသီး ၊ ခရမ်းချဥ်သီး စတဲ့ အစားအစာတွေ စားပေးခြင်းက ကြွက်သားအားနည်းတာကို လျော့ကျစေပါတယ်။
(၈) ဗီတာမင်- ဒီ လုံလုံလောက်လောက် ရယူပါ
ကြွက်သားတွေ ကျန်းမာသန်စွမ်းဖို့အတွက် ဗီတာမင် ဒီ လုံလုံလောက်လောက် ရရှိဖို့ကလဲ အရေးကြီးပါတယ်။ ဗီတာမင် ဒီ ချို့တဲ့မယ်ဆိုရင် ကြွက်သားအားနည်းတာနဲ့ အရိုးပွ ရောဂါတွေထိ ဖြစ်နိုင်ပါတယ်။ ငါး၊ ဥ အမျိုးမျိုး နှင့် နွားနို့ တွေမှာ ဗီတာမင် ဒီ ပေါကြွယ်ဝပါတယ်။ ဒါ့အပြင် မနက်စောစော နေပူစာလှုံပေးတာကလဲ ဗီတာမင်-ဒီ လုံလုံလောက်လောက် ရရှိစေပြီး ကြွက်သားအားနည်းတာကို သက်သာစေပါတယ်။
ဒီနည်းလမ်းလေးတွေက လုပ်ရတာ လွယ်ကူသလို ဘေးဥပဒ်လဲ မဖြစ်စေတာကြောင့် နေ့စဉ်လုပ်ပေးဖို့ သင့်တော်ပါတယ်။ ဒီနည်းလမ်းတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင် သာမန်ကြွက်သား အားနည်းတာကို သက်သာစေမှာဖြစ်တဲ့ အကြောင်း ဗဟုသုတ အနေနဲ့ မျှဝေပေးလိုက်ရပါတယ်။
ယုဝါ (ဆေးဝါးကျွမ်းကျင်)